မကွေး နိုဝင်ဘာ ၁၉
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး အားကစားကွင်း၌ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ၊ လက်ဝှေ့အားကစားသမားများ၊ ခရစ်ကတ်အားကစားကသမားများ၊ ဘတ်စကက်ဘောအားကစားများနှင့် မြန်မာ့ခြင်းလုံးအားကစားသမားများ လေ့ကျင့်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားမောင်မယ်များအနေနဲ့ မိမိတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်ပြိုင်ပွဲဝင်ကြဖို့၊ တိုင်းဒေသကြီးလက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်နှင့် အားပေးစကားများပြောကြားပြီး၊ အားကစားသမားများအား အားကစားလေ့ကျင့်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် အာဟာရစားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမှာဖြစ်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဖူဆယ်စသည့် အားကစားနည်းများအပါအဝင် အားကစားနည်း(၂၃)မျိုးမှာ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(၄၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ အားကစားသမားများအား အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိကာ၊ အားကစားနည်းအလိုက် ရွှေတံဆိပ်(၈)ဆု ရရှိနိုင်ဖို့ မျှော်မှန်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ