ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုများ ကြည့်ရှုစစ်ဆေး

ရေကြည် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် တေဇာသီရိခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ အ.ထ.က-အသုတ် ကျောင်းသား၊ ကျောင်းသူလေးများက “ အလှဆုံးပန်းများ ပွင့်ကြပြီ ” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကျင်းပသည့်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၁၆)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆောင်ရွက်လာနိုင်သည်ကို တွေ့ရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက်(၃၂၄)တိုက်ရှိပါကြောင်းနှင့် အဆိုပါစာကြည့်များတွင်လည်း သုတ၊ ရသစာအုပ် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာများတွင် စာကြည့်တိုက်များ ဆောက်လုပ်ပေးလျက်ရှိပြီး စာကြည့်တိုက်များတွင် အသုံးပြုရန်လိုအပ်သည့် ထောက်ပံ့‌မှုများကိုလည်း ဆောင်ရွက်ပေးထားပါကြောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစာပေ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူတိုင်းစာပေတတ်မြောက်ရေး၊ စာပေဖတ်ရှုနိုင်သည့်အခွင့်အလမ်းများရရှိနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ စာတတ်သူတိုင်းစာဖတ်ခြင်းဖြင့်အတွေးအခေါ်မှန်ကန်သူများ၊ စဥ်းစားဆင်ခြင်နိုင်စွမ်းမြင့်မားသူများဖြစ်လာစေရေး၊ အထူးသဖြင့် လူငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သောလူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် မိဘ၊ ဆရာသမားများနှင့် တာဝန်ရှိသူအားလုံးတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများတွင် အလေးထားပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွံဖြိုးဝေဆီ ဧရာဝတီ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းသား၊‌ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပညာရေးသင်ထောက်ကူပြခန်း၊ ကလေးစာဖတ်ခန်း၊ ဖွံ့ဖြိုးဝေစည်ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ ကြက်ခြေနီပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ပြခန်းအစရှိသည့် ပြခန်းများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့မင်္ဂလာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသနေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ မျက်စိ၊ အရေပြား၊ သွား၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေး၊ အရိုးအကြောအဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ စိတ်ရောဂါ၊ ခွဲစိတ်အထူးကု၊ အထွေထွေ၊ သားဖွားမီးယပ်ရောဂါများကို စစ်ဆေးကုသပေးလျက်ရှိကြောင်း၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင်ကွင်းဆင်း၍ အခမဲ့ကုသပေးခြင်းဖြစ်ကြောင်း၊ ရေကြည်မြို့နယ်အတွင်းမှ လူနာ(၃၅၅)ဦး လာရောက်စာရင်းပေးကုသလျက်ရှိပြီး ပထမဦးစွာ သွေးပေါင်ချိန်တိုင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ ဆီးချိုသွေးချိုတိုင်းခြင်းများ ဆောင်ရွက်ပေးကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာရောက်ကုသသောလူနာများအား ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ပြီး ဆေးကုသနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 တိုင်းဒေသကြီး (ပြန်/ဆက်)