မော်လမြိုင်ကျွန်းမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ကြောင်ထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကား ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ကြောင်ထောက်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ကြောင်ထောက်ကျေးရွာ (အ.ထ.က) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလေးမောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံ‌ရဲ့ အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်မျာအ‌နေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း စတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်  Grad-12 မှ ကျောင်းသား မောင်သက်ဝေအောင်၊ ကျောင်းသူ မပပလှိုင်၊ Grade-11 မှ ကျောင်းသူ မမိုးပြည့်ပြည့်ဦး၊ မချယ်ဆုမြတ်နိုင်၊ Grade- 10  မှ ကျောင်းသူ မယုသဇင်တို့က "သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လူသားအားလုံးထိန်းသိမ်းကာကွယ်စို့"  ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦး‌ဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)