နတ်မောက် နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းအဆင့် အင်္ဂလိပ်စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့် အတွက် အခြေခံအဆင့်မှစ၍ အင်္ဂလိပ်စာအရေးအဖတ် အားကောင်းစေရန်၊ လူငယ်/လူရွယ်များအာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်တတ်စေရန်၊ အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူ (၇)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
လှဝင်း