မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ကျော် စိုက်ပျိုးအောင်မြင်

မင်းဘူး  နိုဝင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာများတွင် ဖူးစားပြောင်းစိုက် တောင်သူများသည် ယခုနှစ်တွင် ဧက ၂၁၀၀ ဧက စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းပြီး ပြောင်းဖူးဈေး ကောင်းသောကြောင့် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့်ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ် ရေလုံလောက်စွာရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီးအပင်များ ကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအားထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်သောကြောင့်ဖြစ်သည်။

ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လ အတွင်းခုတ်၍ ရောင်းချနိုင်သည်။ မင်းဘူးမြို့၏ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေးတစ်ဖူးလျှင်ကျပ် ၇၀၀၊ လက်ကားဈေး ကျပ် ၅၀၀ ဈေးဖြင့် ရောင်းချနေကြသည်။ ပြေင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူး အထွက်နှုန်းများ ပို၍ကောင်းစေသည်။ ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များ အတွက်သာ အသုံးပြု စိုက်ပျိုးကြသည်၊၊

ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်းစသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များပို၍ ရှင်သန်ကြီးထွားပြီး အဖူးများကိုလည်း ချောစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး၊ တစ်ပင်ကို သုံးဖူး/လေးဖူးအထိဖူးကာ ပြောင်းစိုက်ပျိုးသူများမှာ ဝင်ငွေကောင်းကာ အဆင်ပြေနေကြကြောင်း မင်းဘူး(စကု) မြို့နယ် ဖူးစားပြောင်း စိုက်ပျိုးသူများထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)