သရက်ချောင်း နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု အကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှကြီးမှူး၍ အ.ထ.က(သရက်ချောင်း) ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးစိုးဦးက မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများ၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း စသည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း ၁၅၈ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာသစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် မီးသတ်ဦးစီးဌာနမှဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)