ဟင်္သာတမြို့ ပဒေသာစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

ဟင်္သာတ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဥယျာဥ်မြောက်ရပ်ကွက်ရှိ ပဒေသာစျေးကြီးတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ စျေးများတွင် မီးလောင်မှုနှင့်မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့်ဖြစ်ပွားခဲ့ပါက အလျှင်အမြန်ငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ဇာတ်တိုက်သရုပ်ပြပွဲ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာမှ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးလောင်မှုအခြေခံသဘောတရာများ၊ မီးငြှိမ်းသတ် ရာတွင် မီးသတ်ဆေးဘူး အသုံးပြုရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များဦးဆောင်ကာ စည်ပင်ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ စျေးအရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ရေသယ်ယာဥ်ဖြင့် ပက်ဖျန်းငြှိမ်းသတ်ဆောင်ရွက်ခြင်းများအား ​လေ့ကျင့်သရုပ်ပြခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသက်အောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် တာဝန်ရှိသူများတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)