တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလ ချောင်းသာကမ်းခြေ၌ အပန်းဖြေသူများဖြင့် စည်ကား

ချောင်းသာ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ  ယမန်နေ့က ချောင်းသာကမ်းခြေ တစ်လျှောက်တွင် အပန်းဖြေသူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင်  ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် သွားရောက်လည်ပတ်မှုများအပြင် ဒေသထွက်အစားအစာ၊ အမှတ်တရပစ္စည်းရောင်းချရာနေတို့တွင်လည်း လေ့လာကြည့်ရှုသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်းသာယာလှပရန်၊ ကမ်းခြေတွင်စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)