ကော့သောင်း နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာန ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ကော့သောင်းမြို့မဈေး၊ လေဟာပြင်ဈေးနှင့် ဘုရင့်နောင်ဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ရင်းမှူး ဦးကိုကိုကြီးဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးသတ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ High pressure pump (၁) လုံး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်၍ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ဈေးကော်မတီများနှင့် ဈေးသူ၊ ဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးအဖြစ် ဈေးများရေငုတ်များနှင့်မီးငြှိမ်းသတ်ရေးပစ္စည်းများစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လူနာကယ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)