မြဝတီ နိုဝင်ဘာ ၁၇
နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ်၂၀၂၄-၂၀၂၅ပညာသင်နှစ်မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးဇေယျာအောင်က ကြီးကြပ်ပေးကာ အမှတ်ပေးဒိုင်အဖွဲ့ဆရာ၊ ဆရာမများက ပြိုင်ပွဲ စည်းကမ်းများ ဖတ်ကြားပေးပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲတွင် “အမျိုးသားရေး စိတ်ဓါတ်နှင့်ကျွန်ုပ်တာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ၁၄ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အမျိုးသားဂုဏ်ရောင်၊ လတန်ဆောင်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် “လူငယ်နှင့်နိုင်ငံအနာဂတ်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲ၊ တို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၉ ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “အမျိုးသားနေ့၊ တို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၍ ပြိုင်ပွဲ၌ဆုရရှိသူများကို မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့သို့ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုသိရှိပြီး အမျိုးသားရေးစိတ်ဓါတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထာဝစဉ်နိုးကြား တတ်ကြွနေစေရန် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)