ပွင့်ဖြူ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၄၅၉ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံ ၃၂၃၂ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထား စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ယခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ပဲလွမ်း ၄၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။ “ဒီနှစ်ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲလွမ်းသီးနှံ ၃၂၃၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ပဲလွမ်း သီးနှံ ၄၅၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီဖို့နဲ့ သီးနှံအထွက်နှုန်းများ တိုးတက်စေဖို့အတွက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်။ ပဲလွမ်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ စိုက်နည်းစနစ်များမှန်ကန်ပြီး သွင်းအားစုပစ္စည်းတွေ စနစ်တကျသုံးစွဲကြဖို့ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးပါတယ်။ ဒီဒေသကစိုက်ပျိုးမြေကောင်းမွန်ပြီး စိုက်ပျိုးရေ အဆင်ပြေတဲ့ အတွက်ကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်းသီးနှံ စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီးယခင်နှစ် ဆောင်းသီးနှံ ရာသီတွင် ပဲလွမ်းသီးနှံ ၃၂၃၂ လျာထားစိုက်ပျိုးခဲ့ရာ ၃၃၈၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး သတ်မှတ်လျာထားဧက ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကာ သီးနှံအထွက်နှုန်းအနေဖြင့် တစ်ဧက ၁၄ ဒသမ ၉၈ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဈေးကွက်ရှိသော ပဲလွမ်းသီးနှံအား ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့်သီးနှံဝင်ငွေတိုးပွားရေးအတွက် သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင်ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)