ဖောင်းပြင်မြို့တွင် အလွတ်တန်းဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပ

ဖောင်းပြင် နို၀င်ဘာ ၁၇

‌ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်နှင့် ဒီဇင်ဘာလအားကစားပွဲတော် အမျိုးသား/အမျိုးသမီး အလွတ်တန်းဖိတ်ခေါ်ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို နို၀င်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲ၀င်အားကစားအသင်းများ ကွင်းအတွင်းနေရာယူခြင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်းများဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ဖောင်းပြင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုး၀င်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်နိုင်စေရန်နှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ယနေ့အလွတ်တန်းဖိတ်ခေါ်အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူးမှဦးဆောင်၍ အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်သည်။

ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုး၀င်းက အလွတ်တန်းဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲတွင် ပါ၀င်ကူညီပေးသော အ.ထ.က(ဖောင်းပြင်) ဘင်ခရာအဖွဲ့အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက်ဘောလုံးပြိုင်ပွဲကိုကျင်းပရာ Authentic FC အသင်းနှင့်ရွှေမင်းသား FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ အလွတ်တန်းဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ အမျိုးသားအသင်း(၁၆)သင်းနှင့် အမျိုးသမီးအသင်း (၆)သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မနက်ပိုင်းညနေပိုင်းခွဲကာ ဘောလုံး ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၁ ရက်‌နေ့တွင် ဗိုလ်လုပွဲကိုကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)