ပွင့်ဖြူမြို့နယ်၌ မိုးစပါးနှင့် အခြားမိုးသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် မဲဇလီရေလွှဲဆည်မှ သီးနှံအောင်ရေများ အလုံအလောက်ဖြန့်ဝေပေး

ပွင့်ဖြူ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် စိုက်ပျိုးထားရှိသော မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ခင်းများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် သီးနှံအောင်ရေများ အပြည့်အဝ ရယူသုံးစွဲနိုင်ရန် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။   

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရန်နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီးတော့ ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး မိုးစပါးနှင့် အခြားမိုးသီးနှံ စုစုပေါင်း ၁၂၈၆၃၃ ဧက စိုက်ပျိုးဆောင်ရွက်ပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုက လည်းကောင်းခဲ့လို့ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ မိုးသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကလည်း  တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးအပါအဝင် အခြားမိုးသီးနှံစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းများကောင်းမွန်ဖို့ အတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် သီးနှံအောင်ရေ အပြည့်အဝရရှိအောင် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး ဆည်ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ ရေအသုံးချသူများအဖွဲ့(WUG)များနဲ့ပူးပေါင်းပြီး တောင်သူတွေကို သီးနှံအောင်ရေ စနစ်တကျ ရယူသုံးစွဲတတ်အောင် ကွင်းဆင်းဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့်   ဦးစီးအရာရှိ ဦးဇော်လင်းက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေ ကို အမှီပြု၍ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့် သီးနှံများကို စီးပွားဖြစ်အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ထိုသို့စိုက်ပျိုးရာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ရယူသုံးစွဲနိုင်အောင် စနစ်တကျ ဖြန့်ဖြူးပေးဝေသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)