တန်ဆောင်မုန်းလပြည့်နေ၌ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့) နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူး နိုဝင်ဘာ ၁၇

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားကွင်း၌ နိုဝင်ဘာလ(၁၅)ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ ညပိုင်းအချိန်က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့်နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့၊ ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ ရွှေမော်ဓောဘုရားလမ်းအတိုင်း မီးစင်္ကြာဖြင့် လှည့်လည်ပူဇော်ခြင်း၊ မီးပုံးပျံအကြီးနှင့် မီးပုံပျံ အသေးများအား လွှတ်တင်ပူဇော်ခြင်းတို့အား ပြုလုပ်ခဲ့ရာပဲခူးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အဆိုတော်များ၏ တေးဂီတဖျော်ဖြေတင်ဆက်ခြင်းနှင့် တန်ဆောင်တိုင် ကာလ အတွင်း မြို့နယ်များမှ လာရောက်ပြသသည့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား အများ ပြည်သူလူထုမှ စိတ်ဝင်တစားလာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူသုံးကုန်၊ စားသုံးကုန်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက် နေ့တို့တွင် နေ့အရုပ်(၂၂)လုံး၊ အထိမ်းအမှတ်ရုပ်ပုံပါ စိန်နားပန်မီးပုံးပျံအကြီး(၁၁)လုံးနှင့် မီးပုံးပျံ အသေးအလုံး (၃၈၅၀)တို့အား အလှည့်ကျ စည်ကားသိုက်မြိုက်စွာ လွှတ်တင်ပူဇော်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ စည်းကမ်းရှိမှု၊ တည်ငြိမ်အေးချမ်းခြင်းကိုလိုလားမှုနှင့်ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် ပဲခူးတန်ဆောင်တိုင်ပွဲမီးပုံးပျံပွဲတော်သည် အေးချမ်းအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)