မင်းဘူး နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှန်ကင်းပရိယတ္ထိစာသင်တိုက်အတွင်း ဝတ်ကြီးလိုဏ်ဂူမှ ပျက်စီးယိုယွင်းနေသော ရှေးခေတ်နံရံဆေးပန်းချီများ ပြန်လည်ပြုပြင်နိုင်ရန် အမှိုက်သရိုက်နှင့် ချုံနွယ်များကို ယနေ့နံနက် ၇ နာရီက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီတွင် ပြည်တွင်း ပြည်ပမှ ခရီးသွားများ မင်းဘူးမြို့နယ်အတွင်းမှ တန်ခိုးကြီးဘုရားများနှင့် အထင်ကရ နေရာများနည်းတူ ဝတ်ကြီးလိုဏ်ဂူလည်း ဝင်ရောက်ကြည့်ရှုကြ မည်ဖြစ်ရာ လိုဏ်ဂူအတွင်းမှ ပျက်စီးယိုယွင်းနေသော ရှေးခေတ်နံရံဆေးပန်းချီများအား ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင်နိုင်ရန် လိုဏ်ဂူပရိဝုဏ်အတွင်း ပေါက်ရောက်နေသော ချုံနွယ်များ၊ မြက်ပင်နှင့် အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍အဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဖြင့် လိုဏ်ဂူအဝင်လမ်း၊ အမိုးပေါ်နှင့် လိုဏ်ဂူ ဘေးပတ်ပတ်လည်အား ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ထိုကဲ့သို့ ဆောင်ရွက်ခြင်းကို အခြားအထင်ကရနေရာများတွင်လည်း ပြုပြင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)