မြိတ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို Grade-11နှင့် Grade-12 တွင် သင်ကြားပို့ချနေကြသည့် အခြေခံပညာ ဆရာ/မများအား ဥပဒေပညာရပ်များကို သိရှိနားလည်ပြီး ဤဥပဒေဘာသာရပ် ဆရာဖြစ်သင်တန်းပြီးမြောက်ပါက ဆရာ/မများ၏ မှန်ကန်သောနည်းလမ်းပြသမှုဖြင့် ကျောင်းသားလူငယ်များသည် ဥပဒေစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာ ကျင့်သုံးတတ်လာစေပြီး ကျောင်းနှင့်လူမှုပတ်ဝန်းကျင် နေ့စဉ်ဘဝတွင် အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားလာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ခုနှစ်၊ ရာဇသတ်ကြီး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေများကို မြိတ်ခရိုင်ဥပဒေအရာရှိဦးအေးမင်းနှင့် ခရိုင်/ မြို့နယ် ဥပဒေအရာရှိများက ဆွေးနွေးသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြ၍ သင်တန်းစတင်ခဲ့သည်။ သင်တန်းကို သင်တန်းသား ဆရာ/မ (၅၆)ဦး တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာ (၁၆)ရက်မှ (၂၀) ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)