မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၃၀)ကြိမ်မြောက် မအူပင်မြို့လုံးဆိုင်ရာစုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မအူပင်မြို့ သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား အားဖွင့်လှစ်ပြီး မအူပင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရတနာလင်္ကာရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘဏ ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူ ဆောက်တည်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က ကထိန်လျာသင်္ကန်းကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းသံဃနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ မအူပင်မြို့နယ်၊ ညောင်ပင်ဂရက်ကျေးရွာ၊ မဟာသုဒဿနကျောင်းဆရာတော် ဘဒ္ဒန္တပညာဓိကထံမှ ကထိန်အနုမောဒနာတရားတော် နာယူ၍ ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရိယံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပုဂ္ဂလိက အလှူရှင်များ တက်ရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သီးစုံပဒေသာပင်များမဲနှိုက်၍ မဲပေါက်သည့်ကျောင်းအလိုက် မိမိတို့၏ သီးစုံပဒေသာပင်များအား ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)