ပွင့်ဖြူ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာအပါး(၁၀၀)ကျော်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများ စာရေးတံမဲ လောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲက အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်သော စေတနာအလှူရှင်များ၊ ဒေသခံ ပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများက စေတီတော်မြတ်ကြီးအား ဆွမ်းသပိတ်လုံးများ၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ သံဃာအရှင်သူ မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် စေတနာ အလှူရှင်များက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စေတနာ အလှူရှင်များနှင့် ဒေသခံပြည်သူများက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ဘုရားအမှူးပြုသော ပင့်သံဃာ(၁၂၅)ပါးအား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများဖြင့် စာရေးတံမဲ လောင်းလှူပူဇော်ကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အလှူရှင်များက အာဟာရဒါန ကြာဇံဟင်းခါးဖြင့် စတုဒိတာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ်လေ့ရှိပြီး ဂေါပကအဖွဲ့မှ ဦးဆောင်ကာ စေတနာအလှူရှင်များနှင့် ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များကို ပင့်ဖိတ်၍ ဆွမ်းသပိတ်လုံးနှင့် လှူဖွယ်ပစ္စည်းများဖြင့် စာရေးတံမဲ လောင်းလှူပူဇော်ခြင်း၊ ညနေ(၆)နာရီအချိန်တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလသုတ်အခါတော်နေ့) အထိမ်းအမှတ် မြတ်စွာဘုရားကို ရည်မှန်းကာ ဆီမီးထွန်းညှိပူဇော်ခြင်းများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)