ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်း

ဘားအံ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ယမန်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပသည်။

မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီးတို့က သေဋ္ဌမာရ် အောင်ဘုရားကြီးအား ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဗုဒ္ဓဘာသာနွယ်ဝင်ဧည့်ပရိတ်သတ်အပေါင်းတို့က သေဋ္ဌမာရ်အောင်ဘုရားကြီး ဩဝါဒါစရိယဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ကိုးပါးသီးလကိုခံယူ ဆောက်တည်ကြသည်။

ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏလင်္ကာရက မသိုးသင်္ကန်းဆက်ကပ်လှူရခြင်း၏ အကျိုးကျေးဇူးဩဝါဒကထာကို ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီးဩဝါဒဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂန္ဓကုဋီတိုက်အတွင်း ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ငွေကျပ်(၅၇)သိန်း(၅)သောင်းတန်ဖိုးရှိ ပန်ကာ(၁၂)လုံးတို့ကို တပ်ဆင်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်း ကြီးသင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိ တဘဒ္ဒန္တဂုဏလင်္ကာရကဗုဒ္ဓဿဒေမစသောဂါထာကို ရွတ်ဆိုတိုင်ကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဥပသကာတာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဇယေန္တောဗောဓိယာမူလေအစချီသော အောင်ဂါထာများကို ရွတ်ဖတ်ပူဇော်ပေးကြသည်။

ယင်းနောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ပန်ကာ(၁၂)လုံး၏ ကမ္ဗည်းဆိုင်ဘုတ်ကို အမွှေးနံ့သာရည်များပတ်ဖျန်းပေးကြကာ သေဋ္ဌမာရ်အောင်ဘုရားကြီး ပိဋကတ်တိုက်အတွင်း၌ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသူလေးများက နိုဝင်ဘာလ ၁၄ ရက်နေ့ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှစ၍ ရက်ကန်းစင်နှစ်စင်ဖြင့် မသိုးသင်္ကန်းကိုရက်လုပ်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)