စေတုတ္တရာမြို့၌ ကထိန်အလှူတော် မင်္ဂလာနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကျင်းပ

စေတုတ္တရာ  နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်ကြီးလောင်းလှူမှုကို ယမန်နေ့နံနက် အရုဏ်တက်ချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းဆန်ကြီးလောင်းလှူမှုကို မြို့တွင်းဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ဌာနဆိုင်ရာများအလှူနှင့်   မြို့နယ်အတွင်းရှိ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

ထို့​နောက် ကုမုဒြာပညာရေး မိသားစုများနှင့် စေတုတ္တရာမြို့နယ် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်လျက် ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို  အမှတ် (၁) ရပ်ကွက်ရှိ စည်းကျစ်တောင်ဘုရားကျောင်းတွင် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စည်းကျစ်တောင်ကျောင်းတိုက် ဆရာတော်အပါအဝင် ပင့်သံဃာ ၁၁ ပါး ကြွရောက်ချီးမြှင့်ခဲ့ပြီး စေတုတ္တရာမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်နှင့် စည်းကျစ်တောင်ကျောင်းတိုက်ဆရာတော်ကငါးပါးသီလခံယူခြင်း၊ ပင့်သံဃာများထံသို့ လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများအား စုပေါင်းကပ်လှူခဲ့ကြပြီး ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ပြန်လည်ချီးမြှင့်ကာ ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော် ချီးမြှင့်သည်။ ကထိန်အောင်ပွဲအထိမ်းအမှတ်အဖြစ် အလှူရှင်များက ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)