မြန်အောင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၃၅) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

မြန်အောင်  နိုဝင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်လျာသင်္ကန်းဆက်ကပ်အလှူတော်မင်္ဂလာပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက် တာဝတိံသာဘုရား ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အလှူရှင်များက နမောတဿ (၃) ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး ကြာနီကန်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ကထိန်လျာဥာတ်သင်္ကန်းနှင့် ဘုန်းတော်ကြီးကျောင်း (၃၈) ကျောင်းကို ထိန်လျာသင်္ကန်းနှင့်အခြံ အရံပေဒသာပင်များ မဲဖောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကြာနီကန်ကျောင်းဆရာတော်ထံမှ ကထိန်အလှူမင်္ဂလာအောင်ပွဲ ရေစက်ချတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့သည်။    

အခမ်းအနားတွင် မြို့နယ်သံဃနာယက ဆရာတော်များနှင့် ပင့်သံဃာတော် အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာဉတ်သင်္ကန်း၊ နဝကမ္မအလှူတော်ငွေနှင့် ပဒေသာပင်(၃၈)ပင် စုစုပေါင်း (၃၇,၀၅၇,၂၀၀)ကျပ်တို့ကို လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။           

ဝင်းဗိုလ် (မြန်အောင်ပြန်/ဆက်)