ပဲခူး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင်ပွဲတော်ကို မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းအပါအဝင် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ အလှဓာတ်ပုံပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဦးစွာ နိုဝင်ဘာလ(၁၄)ရက် ညနေ ၅ နာရီအချိန်တွင် ရွှေမော်ဓောစေတီတော် ရင်ပြင်တော်ပေါ်၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဆက်လက်၍ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ရွှေမော်ဓောဘုရားလမ်း၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့က ပဲခူးတန်ဆောင်တိုင်ပွဲတော်စာတမ်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးနှင့် မြို့မိ/မြို့ဖများက တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲတော်လာပြည်သူများနှင့်အတူ “ပဲခူး” စာတမ်းပါ ရောင်စုံမီးပုံးပျံအသေး(၁၅၀၀)နှင့် မီးပုံပျံအကြီး(၆)လုံးတို့ကို စတင်လွှတ်တင်ပူဇော်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော်တွင် ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြသူများအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့်ရွှေမော်ဓောဘုရားဝန်းအတွင်း စည်ကားလျက်ရှိသည်။
ထို့အတူ ရွှေမော်ဓောဘုရား လမ်းတစ်လျှောက်၌ တန်ဆောင်တိုင်ပွဲတော် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ လူသုံးကုန်အရောင်းဆိုင်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေခြင်းများ၊ ကလေးကစားကွင်းများနှင့် အလှဓာတ်ပုံရိုက်ရန် Photo Booth များ ထည့်သွင်းပါဝင်ထားရှိကာ ယင်းနေရာများတွင်လည်း ပွဲဈေးလည်ပတ်သူများ၊ အလှဓာတ်ပုံရိုက်ကူးသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ထို့အပြင် ယမန်နေ့နံနက် အရုဏ်တက်ချိန်တွင် ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းများရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များနှင့်အတူ မသိုးသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြပြီး ယမန်နေ့နံနက် ၈ နာရီတွင် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့၊ စတုဒိသာမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်းကုသိုလ်ပြုကြသည့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့ပြီး အဆိုပါစတုဒိသာကျွေးမွေးလှူဒါန်းရာ၌ ဒေသခံပြည်သူများအပါအဝင် တန်ဆောင်တိုင်ပွဲတော်နှင့် ဘုရားဖူးလာပြည်သူ(၁၅၀၀၀)ဦးအား ထမင်း၊ ငါးပေါင်း၊ ချဉ်ရည်ဟင်း၊ ငါးပိချက်နှင့် တို့စရာစုံလင်စွာဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းကြရာ လာရောက်သုံးဆောင်သူများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုနှုတ်ဆက်စကားပြောကြားခဲ့ကြသည်။
နိုဝင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ နိုင်ငံကျော်အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေရေးအစီအစဉ်များနှင့် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများအပါအဝင် ဈေးဆိုင်တန်းများ၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန် Photo Booth များ၊ အလှဓာတ်ပုံပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဆက်လက်ကျင်းပမည်ဖြစ်ရာ ပဲခူးမြို့တန်ဆောင်တိုင်ပွဲတော်သို့ မည်သူမဆိုပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ကိုဆက်