တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများ ယခင်နှစ်ထက် စည်ကားများပြား

စစ်ကိုင်း  နိုဝင်ဘာ  ၁၆

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရာဇမဏိကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ ဥမင်သုံးဆယ်၊ ဥမင်ကိုးဆယ်စသည့် တန်ခိုးကြီးဘုရားစေတီပုထိုးများတွင်  အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြရာ ယခင်နှစ်ထက် စည်ကားများပြားခဲ့ကြောင်း သိရသည်။

“ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ကတော့ ကောင်းမှုတော်မြတ်စွာဘုရားကြီးမှာ အရင်နှစ်တွေထက် ဘုရားဖူးလာရောက်သူတွေ ပိုများပါတယ်။ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်အောင် ဘုရားဂေါပကအဖွဲ့များက စီမံဆောင်ရွက်ပေးထားပါတယ်။ ယာဉ်ကြီး/ယာဉ်ငယ်တွေ ခွဲခြားပြီး ယာဉ်အန္တရာယ်မဖြစ်ပွားရအောင်၊ ဈေးသည်တွေလည်း စည်းကမ်းတကျ ရောင်းချနိုင်အောင် စီမံဆောင်ရွက်ပေးထားပါတယ်” ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်မတို့က သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ စစ်ကိုင်းမြို့ရဲ့ သမိုင်းဝင် ဘုရားစေတီတွေကို လာရောက်ဖူးမြော်တာပါ။ (၁၄) ရက်နေ့ကတည်းက စစ်ကိုင်းမြို့ကို ရောက်ပါတယ်။ အသိရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ပြီး လာရောက်ဖူးမြော်တာပါ။ ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာတော့ စစ်ကိုင်းမြို့မှာရှိတဲ့ ဘုရားစေတီတွေ ဖူးမြော်ချင်တဲ့ ဆန္ဒတွေပြည့်ဝသွားလို့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု သာစည်မြို့မှ ဘုရားဖူးလာရောက်သူတစ်ဦးက ပြောပြသည်။

အလားတူ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်နှင့် ဘုရားစေတီများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် တောင်ဆင်းလမ်းနှင့် တောင်တက်လမ်းများ ခွဲခြားပြီး တာဝန်သိပြည်သူများက သက်ဆိုင်ရာနေရာအသီးသီးတွင် လမ်းကြောင်းပြသပေးကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဇော်မြင့်နိုင်