စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် တတိယအကြိမ် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

မုံရွာ၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် (၄) ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ (၁၅) ရက်၊ တန်ဆောင်တိုင်လပြည့်နေ့  နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ဗုဒ္ဓရုပ်ပွားတော်အား သြကာသ ကန့်တော့ချိုးဖြင့် ရှိခိုးပူဇော်၍ ဗုဒ္ဓပူဇာ ဝန္ဒနာ ပဏာမ ကုသိုလ်ဆည်းပူးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆက်ကပ်ပူဇော်မည့် မသိုးရွှေကြာသင်္ကန်းတို့အား ကြာကလပ်တော်ဖြင့် ကပ်လှူပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အနောက်အရပ်ရှိ ကဿပဘုရားရှင်ရုပ်ပွားတော်မြတ် အားမသိုးရွှေကြာသင်္ကန်းအား ဝတ်ရုံသပ္ပာယ်တော်မူကာ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အရှေ့ရပ်၊ တောင်အရပ်နှင့် မြောက်အရပ်တို့ရှိ ကဿပ ဘုရားရှင်ရုပ်ပွားတော်မြတ်များအား မသိုးရွှေကြာသင်္ကန်းများ ဝတ်ရုံသပ္ပာယ်တော်မူကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရာပြည့်ကပ်ကျော်စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ပွားသရဇ္စျာယ်ခြင်းနှင့် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်၊ သံဃာတော်များနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ် ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။       

ယင်းနောက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝထ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ် ကြိမ်ရွတ် ဆိုဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယအကြိမ် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များက သံဃာတော်အပါး (၁၀၀၀) နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တပျော်တပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ တတိယအကြိမ် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတွင် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော် (၈၉၀) ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၁၁၀) ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်