ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတန်ဆောင်တိုင်ပွဲတော် စာတမ်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။         

တစ်ဆက်တည်း “ပဲခူး” ဟု စာတမ်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး(၁၅၀၀)နှင့် မီးပုံပျံအကြီး (၆)လုံးတို့အား စတင်၍ လွှတ်တင်ပူဇော်ခဲ့ကြသည်။

၎င်းနောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာသီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့်ရွှေမော်ဓောဘုရားဝန်း အတွင်းစည်ကားလျက်ရှိကြောင်းနှင့် ရွှေမော်ဓောဘုရား လမ်းတစ်လျှောက် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ လူသုံးကုန်အရောင်းဆိုင်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေခြင်းများ၊ ကလေးကစားကွင်းများ၊ အလှဓါတ်ပုံရိုက်ရန် Photo Booth များတွင် ပဲခူးတန်ဆောင်တိုင်မီးပုံးပျံပွဲသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)