ကျိုက်လတ်၌ (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံ

ကျိုက်လတ် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေးရည်ရွယ်၍ အမှတ် (၃) ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၃)နာရီက စတင်၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို (၅)ဖြတ်လမ်းနှင့် ဦးပြုံးချို လမ်းမကြီးထိပ်ရှိ မုခ်ဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်ဝေနိုင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးမောင်းမာန်၊ အတွင်းရေးမှူးရဲမှူး ကျော်စိုးနှင့် စန္ဒာမုနိမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမှိုကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဦးပြုံးချိုလမ်းမကြီးမှစတင်၍ အမှတ်(၁)ရပ်ကွက်၊ ၂၈ လမ်းအထိလည်းကောင်း၊ အမှတ်(၂၊ ၃၊ ၄) ရပ်ကွက်များရှိ သတ်မှတ်ထားသောလမ်းများမှ အမှတ်(၅)ရပ်ကွက် ၁၉ လမ်းအထိလည်းကောင်း၊ လမ်းမတော်လမ်းမှ ပြန်လှည့်၍ စန္ဒာမုနိမြတ်စွာဘုရားကြီး အထိလည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီလှည့်လည် အပူဇော်ခံခဲ့ရာ နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များအား မိဘပြည်သူများက ဖူးမျှော်ကြည်ညိုကြပြီး အလှူငွေနှင့်ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည့် လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းကုသိုလ်ယူသူများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ လှည့်လည်အပူဇော်ခံပွဲအပြီးတွင် အကောင်းဆုံးဥပသကာဆုများကို ပေးအပ်ခဲ့ပြီး မြို့နယ်သဘင်အစည်းအရုံးက ဘုရားဖူးလာပြည်သူများအား တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်