မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြိတ် နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၆) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ (၁၅) ရက် ညနေ (၅) နာရီတွင် ဘုရားငါးဆူကွင်းမှ စတင်ကာ ဒေသစာရီလည့်လည်ပူဇော်ပွဲ ကျင်းပရာလမ်းတလျှောက် ဘုရားဖူးပြည်သူများဖြင့် မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် စည်ကားခဲ့ကြကြောင်း သိရသည်။

မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို  နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် (၉၄) ကြိမ်မြောက် ဘုရားပွဲတော်ကို နိုဝင်ဘာလ(၁၀)ရက်မှ(၁၅)ရက်အထိ (၆)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ ပွဲတော်ရက်များအတွင်း ဘုရားဖူးပြည်သူများအား ညစဉ် စတုဒီတာကျွေးမွေးခြင်း၊ ဇာတ်သဘင်နှင့် ပျော်ပွဲရွင်ပွဲများဖြင့် ကျင်းပခဲ့သည်။ တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာလ (၁၅) ရက်တွင် ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်မှ မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်ကာ ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ပြီး ဘုရားပွင့်စဉ်များအလိုက် ရပ်ကွက်အသီးသီးသို့ သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။  

နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ရာ လမ်းတလျှောက်၌ ဘုရားဖူးပြည်သူများက ဆီမီး၊ အမွေးနံ့သာတိုင်ထွန်းညှိပူဇော်ခြင်း၊ ရောင်စုံမီးများထွန်းညှိပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုလှူဒါန်းပူဇော်ခဲ့ကြသည်။ ထို့အတူ ဘုရားလှည့်လည်ပူဇော်ရာ လမ်းတလျှောက်တွင်လည်း စေတနာရှင်အလှူရှင်များ၊ အသင်းအဖွဲ့များ၊ သူငယ်ချင်းမိတ်ဆွေများစုပေါင်းကာ စတုဒီတာများကျွေးမွေးခြင်း၊  ဓမ္မတေးများ သီဆိုဖွင့်လှစ်ကြိုဆို ကုသိုလ်ယူကြသည်။

ရာသီအလိုက် အထင်ကရပွဲတော်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်သည် မြိတ်မြို့၏ တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပသည့် ဗုဒ္ဓပူဇာသဘင်ဖြစ်ကာ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ရာတွင် မင်္ဂလာစည်တော်ယိမ်း၊ ဥပသကာ၊ ဥပါသိကာများဖြင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ပြဿဒ်မော်တော်ယာဉ်များဖြင့် ပင့်ဆောင်၍ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ရာ မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)