သဲကုန်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

သဲကုန်း နိုဝင်ဘာ ၁၆

လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် စီးပွားရေးတွက်ခြေကိုက်သီးနှံများအား မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးကြရန် သို့မှသာ စီးပွားရေးအဆင်ပြေပြီး လူမှုဘဝများ တိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်၏ ထုတ်ကုန်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိမြို့နယ်အနေနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ်တိုးတက်လာကြောင်းနှင့် ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုတို့က စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် တောင်သူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)