မင်းဘူး နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်နှင့် မြို့မိမြို့ဖများ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအထိမ်းအမှတ် အထူးဓမ္မသဘင် ညတရားပွဲကို နိုဝင်ဘာလ ၁၄ ရက်၊ ည ၇ နာရီခွဲအချိန်က အဆိုပါ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးဓမ္မသဘင် ညတရားပွဲတွင် စေတနာရှင်အလှူရှင်များနှင့် တရားနာဧည့်ပရိတ်သတ် အပေါင်းတို့က ဓမ္မဏ္ဍိုင် အရှင်တေဇနိယ ရွှေတံခါးဆရာတော်ထံ ဓမ္မပူဇာအလှူတော်ငွေနှင့် ရွှေတံခါးဆေးအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ တာဝန်ရှိသူများက တရားနာလာရောက်ကြသည့် ဧည့်ပရိတ်သတ် တစ်ဦးလျှင် ရွှေတံခါးဆေးတစ်ဘူးနှုန်းဖြင့် လှူဒါန်းဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ရွှေတံခါးဆရာတော်က ငါးပါးသီနှင့် “ငါးမျိုးပြည့်အောင် လှူရအောင်” တရားခေါင်းစဉ်ဖြင့် အနုမောဒနာတရား ဒေသနာတော်များ ဟောကြားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။
မင်းဘူးမြို့ရှိ RC နှစ်ထပ်ဆောင်(၃၀၀)ဦးဆံ့ သာသနာ့ဗိမာန်တော်ကြီးတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အထူးဓမ္မသဘင်ညတရားပွဲကို ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် မြို့မိမြို့ဖများ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အထိမ်းအမှတ်အဖြစ် နှစ်ညတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတရားပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့က တရားပွဲပထမညအဖြစ် သာသနာပြုနယ်လှည့်ဓမ္မကထိကဆရာတော် မဏိဇောတ အရှင်နန္ဒသီရိ ရွှေမြိုင် ဆရာတော်နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့က တရားပွဲဒုတိယညအဖြစ် ဓမ္မဏ္ဍိုင် အရှင်တေဇနိယ ရွှေတံခါးဆရာတော်တို့က နိဗ္ဗာန်ရောက်ကြောင်း တရားထူးတရားမြတ် ဒေသနာတော်များကို ဟောကြားတော်မူခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)