ဟားခါး နိုဝင်ဘာ ၁၆
ချင်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး အမှတ်အစဉ် (၁/၂၀၂၄) ကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရသည့် အမှုတွဲများကို ကော်မတီဝင်များမှ ဆွေးနွေး၍ အထက်အဆင့်သို့ တင်ပြသွားရမည်ဖြစ်ကြောင်း ၊ အချို့အမှုတွဲများကို ဆွေးနွေးဆုံးဖြတ်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ စိစစ်ရေးလုပ်ငန်းသည် အင်မတန်သိမ်မွေ့ထိလွယ်ရှလွယ်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက စိစစ်ရန် တိုင်ကြားသည့် အမှုတွဲ (၇) တွဲအား တစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြထားသည့် အမှုတွဲ တစ်တွဲချင်းအလိုက် စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအပေါ် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ထပ်မံဖြည်စွက်ဆွေးနွေးကြပြီး ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ပိတ်သိမ်းရမည့်အမှုတွဲနှင့် ဆက်လက်ညှိနှိုင်းရမည့် ဆောင်ရွက်မည့်အမှုတွဲများကို ဆုံးဖြတ်ကြပြီး ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)