ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် နိုဝင်ဘာ ၁၆

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အဖက်ဖက်က ခေတ်မီဖွံ့ဖြိုးတိုးတက် နေသည့် စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် လူနေအဆောက်အဦများအား မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှု မရှိစေအောင် ကာကွယ်ရန်နှင့်မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သော “ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ် တားဆီးကာကွယ်ရန်နှင့်သဘာဝဘေးအပါအဝင် အခြားသော အန္တရာယ်များ ကျရောက်လာသည့်အခါအရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်”ဆိုသည့် ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ပျက်ဆီးစေမည့်  မည်သည့်ထူးခြားဖြစ်စဉ်မျိုးကိုမဆို မိမိတို့သိရှိရပါက သက်ဆိုင်ရာ အဖွဲ့အစည်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက   သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)