ရေနံချောင်း နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ရေနံခေျာင်းမြို့နယ်၌ တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်းမုန်းလပြည့်နေ့) နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများတွင် ပဒေသာပင်လှည့်လည်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
တန်ဆောင်တိုင်ပွဲတော်ကာလ ရေနံချောင်းမြို့မဈေးကြီး ဈေးသူဈေးသားများစုပေါင်းကာ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပဒေသာပင်များ လှည့်လည်ကာ ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဆုံတိုက်ရပ်ကွက် စိန်ပန်းရပ် စိန်ပန်းဘုန်းတော်ကြီးကျောင်း သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ တက်ရောက်လာသည့် ဈေးသူဈေးသားများက ဩဂါရကန်တော့ချိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး စိန်ပန်းကျောင်းတိုက်ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုအစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်ကြီးက ကထိန်အနုမောဒနာတရား ဟောကြားချီးမြှင့်သည်။
ရေနံချောင်းမြို့မဈေးကြီး သတ္တမအကြိမ်မြောက် ဈေးသူဈေးသားများ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဈေးသူဈေးသားများ၏ ငွေပဒေသာပင်စုစုပေါင်းလှူဒါန်းငွေ ၁၈,၈၇၂,၀၅၀ ကျပ်၊ ပစ္စည်းပဒေသာပင် (၇)ခုနှင့် ပင့်သံဃာ ၃၀ ပါးအတွက် လှူဖွယ်ပစ္စည်းခြင်းများကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)