ပခုက္ကူ နိုဝင်ဘာ ၁၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ (၃၉) ကြိမ်မြောက် ဝန်ထမ်းမိသားစုဘုံကထိန်ပွဲတော်နှင့် (၁၂) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့၊ အမှတ် (၁၄) ဆုံကုန်းရပ် ပညာဓမ္မကျောင်းတိုက် ဆရာတော်နှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ် တရားတော်များနာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေခြင်းများ ဆောင်ရွက်ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများက (၁၂) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအဖြစ် အငြိမ်းစားဝန်ထမ်းများအား ပူဇော်ကန်တော့ခြင်း၊ ဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ကြရာ အငြိမ်းစားဝန်ထမ်းများက ဩဝါဒမိန့်ခွန်းစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)