မုံရွာမြို့ ကန်သာယာ ပြည်ထောင်စုကျွန်းရင်ပြင်တွင် တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပူဇော်ပွဲနှင့် စတုဒီသာကျွေးမွေးဧည့်ခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မုံရွာ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် (၂၀၂၄ ခုနှစ်) တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပူဇော်ပွဲနှင့် စတုဒီသာဧည့်ခံကျွေးမွေးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ ပြည်ထောင်စုကျွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် အသီးသီးနေရာယူခဲ့ကြပြီးနောက် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မီးပုံးပျံလွှတ်တော်ပူဇော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက သတ်မှတ်အစီအစဉ်အတိုင်း ပထမအကြိမ် အမြင့် ၁၂ ပေရှိ အလှ မီးပုံးပျံအကြီး အလုံး ၄၀၊ ဒုတိယအကြိမ်  အမြင့် ၁၂ ပေရှိ အလှမီးပုံးပျံအကြီး အလုံး ၄၀ကို လည်း‌ကောင်း၊ ဆက်လက်ပြီး တစ်ကြိမ်လျှင် မီးပုံးပျံအသေး အလုံး ၅၀ စီဖြင့် စုစုပေါင်း ၆ ကြိမ် မီးပုံးပျံအလုံး‌ရေ ၃၀၀ ကိုလည်းကောင်း  လွှတ်တင်ပူဇော်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့‌ကြသည်။

အဆိုပါ မီးပုံးပျံလွှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့မှ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရှမ်းရိုးရာအကတို့ဖြင့်လည်းကောင်း၊ မုံရွာမြို့ပေါ်ရှိ အနုပညာရှင်များက ဦးရွှေရိုးအက၊ တစ်ပင်တိုင်အက၊ ပဒေသာအကတို့ဖြင့်လည်းကောင်း၊ မုံရွာမြို့ မိုးဇော်ဆင်အကအဖွဲ့မှ ဆင်အကတို့ဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရှိရပြီး အခမ်းအနားသို့ ဧည့်ပရိသတ် စုစုပေါင်း ၅၀၀၀ ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)