မြဝတီ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။
ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မြဝတီမြို့၊ မြသုခ၊ အမှတ် (၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာအရှင်ပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ အဖွဲဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြဝတီမြို့၊ မြသုခ၊ အမှတ်(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာအရှင်ပညာနန္ဒက တန်ဆောင်မုန်းလပြည့် (သာမည ဖလအခါတော်နေ့) ဖြစ်ပေါ်လာပုံနှင့် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း အကျိုးတရားကိုမြွက်ကြားပေးပြီး စေတီတော်မြတ်ကြီးအား ရည်မှန်းကုသိုလ်ပြုကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။
ထို့နောက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အာဟာရဒါနအာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)