ပုသိမ် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား နိဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမျှော်ကြည်ညို၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိပြီးနောက် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလှည့်ကျသဘာပတိက မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌ နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာအောင်မောင်းတီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတွင် ပိတောက်စင်တော်၊ ဇလပ်စင်တော်၊ ကံ့ကော်စင်တော်၊ ဒေါနစင်တော်၊ နှင်းဆီစင်တော် ဇီဇဝါစင်တော်၊ ခတ္တာစင်တော်၊ အင်ကြင်းစင်တော်၊ စံပယ်စင်တော် စသည့်ရက်ကန်းစင်တော်(၉)စင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူးလာ ရောက်ကြသူများ မသိုးသင်္ကန်းယှဥ်ပြိုင်ရက်ခတ်မှုများအား လာရောက်ကြည့်ရှု လေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ တာဝန်ရှိသူများက အေးငြိမ်းချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများ ဦးဆောင်ပြီး ဧည့်ပရိတ်သတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ (၃၇)ကြိမ်မြောက်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇီဇဝါရက်ကန်းစင်တော်၊ ဒုတိယဆုရရှိသည့် ကံကော်ရက်ကန်းစင်တော်နှင့် တတိယဆုရရှိသော ပိတောက်ရက်ကန်းစင်တော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ရက်ကန်းစင်တော်များကို တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)