အင်္ဂပူ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အတွင်းရှိ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝါပကာလ၌ ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (တန်ဆောင်မုန်းလပြည့်နေ့) ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့၊ သမိုင်းဝင် ရွှေဆံတော်စေတီမြတ်ကြီးတွင် (ဝါပကာလ) ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရေဝတဓမ္မ (မဟာသဒ္ဒမ္မဇောတိကတဇ) ထံမှကိုးပါးသီလခံယူကြသည်။ ထို့နောက် ဆွမ်းဆန်တော်လောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၀) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် သာမဏေများ၊ သီလရှင်ကျောင်း (၆) ကျောင်းမှ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်မှုဖြင့် သမိုင်းဝင်ရွှေဆံတော်စေတီမြတ် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ဝါပကာလ လစဉ်(လပြည့်နေ့တိုင်း) ၌ ဆွမ်းဆန်တော်များ လောင်းလှူသွားမည်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)