တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူးမြို့ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် မီးပုံပျံများလွှတ်တင်ခြင်း၊ ဆီမီး ၂၅၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပ

မင်းဘူး နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ညက မီးပုံပျံများလွှတ်တင်ကာ ဆီမီး ၂၅၀၀ ထွန်းညှိပူဇော်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဆီမီးပူဇော်ရာတွင် မင်းဘူးခရိုင်၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ ဦးဆောင်၍ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်သူများက မီးပုံပျံများလွှတ်တင်ကာ ဆီမီး ၂၅၀၀ ကို ဘုရားပရိဝုဏ်အတွင်း ထွန်းညှိပူဇော်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူများကို ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုပေါင်း၍ ကြာဆံချက်များ၊ မယ်ဇလီဖူးသုပ်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလနှင့် တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြစ်သော မန်းရွှေစက်တော်ဘုရား၊ ရှင်ပင်စက္ကိန်းတဲစေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသားကြီးစေတီတော်နှင့် ဘုရားကျောင်းကန် စေတီပုထိုးစသည့် အထင်ကရနေရာများတွင် ဥပုသ်သီလ ဆောက်တည်ကြသူများ၊ ပရိတ်/ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ် ပြုလုပ်သူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသူများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)