တောင်ငူ နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဘုရားရင်ပြင်တော်၌ ကျင်းပရာ ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ ဂေါပကအဖွဲ့ဝင်များနှင့် တောင်ငူမြို့သူမြို့သားများက သာမညဖလအခါတော်နေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်း၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ခြင်း၊
တောင်ငူမြို့ PCEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပြသထားသည့်တန်ဆောင်တိုင်အထိမ်းအမှတ် ပန်းချီလက်ရာများကို ကြည့်ရှုခြင်းနှင့် ဒေသခံအဆိုတော်များ၏ ကပြသီဆိုဖျော်ဖြေခြင်းများကို ကြည့်ရှုအားပေးကြကာ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)