ဒေးဒရဲ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော် အထိမ်းအမှတ် ပဒေသာပင်များ စုပေါင်းလှည့်လည်ပွဲအား ယနေ့ညနေ (၃)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် နှစ်စဥ်အစဥ်အလာမပြတ် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်အား တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မြို့ကျက်သရေဆောင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာများရှိ အသင်းအဖွဲ့များအလိုက် ပဒေသာပင်များအား မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ စာရေးတံမဲဖောက်၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိဿာ ကျွေးမွေးလှူဒါန်းခြင်း၊ ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များက ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ဆွမ်းတော်ကြီးပေါင်းတင်လှူပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း