ထားဝယ်မြို့တွင်(၁၁၂)ကြိမ်မြောက်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီလှည့်လည်ပူဇော်

ထားဝယ် နိုဝင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ (၁၁၂) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေတောင်စားလမ်း၊ လောကမာရ်ဇိန်ဘုရားကြီးဝင်း အရှေ့ဘက်မုခ်မှစ၍ ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။

ထို့သို့ လှည့်လည်ပူဇော်ခံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာ ပြည်သူများက နှစ်ကျိပ်ရှစ်ဆူဘုရားဒေသ စာရီ လှည့်လည်ပူဇော်ပွဲကို ဖူးမြော်ကြည်ညိုကုသိုလ်ပြုကြသည်။

ထို့နောက် ဘုရားကြီးဂေါပက အဖွဲ့မှဦးဆောင်၍ ဥပသကာများက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား  ဘုရားကြီးဝင်းအတွင်းမှ ရွှေတောင်စားလမ်း၊  ဆေးရုံလမ်းအတိုင်း အာဇာနည်လမ်း၊ ရုံးကြီးလမ်းဆုံ၊ ဈေးတောင်ဘက်လမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်္ဂလာလမ်း၊ အလယ်လမ်း၊ ညောင်ပင်ကြီးလမ်း၊ ကမ်းနားလမ်း၊ ကျောင်းသစ်လမ်း၊ သုခလမ်း၊ တရုတ်တန်းလမ်း၊  အနောက်မြို့တွင်းလမ်း၊ ဥတ္တံတားကြီးလမ်းဆုံ၊ နိဗ္ဗာန်လမ်း၊ မြိတ်တန်းလမ်း၊ ကမြောကင်းလမ်းအတိုင်း ဆန်းချီလမ်းဆုံ၊ ရေးလမ်း၊ ဥတ္တံတားကြီးလမ်းဆုံမှတဆင့် ဘုရားကြီးဝင်းအတွင်းသို့ စည်ကားသိုက်မြိုက်စွာဖြင့် ဒေသ စာရီ ကြွချီလှည့်လည်ပူဇော်ခံသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံချိန်၌ ဘုရားလှည့်လည်ရာတွင် ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာနာမည်များကို ထားဝယ်လိုဖြင့် ရေးသားဖော်ပြမှုရှိခဲ့ပြီး သရုပ်ဖော်ရုပ်လုံးရုပ်ကြွများဖြင့် ထည့်သွင်းလှည့်လည်ခဲ့သောကြောင့် ဘုရားဖူး လာရောက်ပြည်သူများနှင့် ဒေသခံပြည်သူများ စိတ်ဝင်စားမှုရှိခဲ့ကြပြီး ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲသည် ဒေသတွင်း အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်၍ ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

၄င်းနောက် နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီ လှည့်လည်ပူဇော်ခံရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီးမီး၊ ငွေပဒေသာပင်များ ကပ်လှူပူဇော်ကြပြီး ဥပသကာများအား  စေတနာရှင်၊ အလှူရှင်များက အအေး၊ ဖျော်ရည်၊ စားသောက်ဖွယ်ရာများ စတုဒိသာများဖြင့် ဧည့်ခံကြသည်။

ထားဝယ်မြို့၏ ကျက်သရေဆောင်နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များဒေသစာရီ   လှည့်လည်ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီးကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း(၁၁၂) နှစ်တိုင်တိုင် ကျင်းပလာခြင်းဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို ဘုရားကြီးဝင်းအတွင်း၌ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ (၁၁-၁၁-၂၀၂၄ ) ရက်နေ့မှ (၁၅ -၁၁- ၂၀၂၄) ရက်နေ့အထိ ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ ရဟန်းရှင်လူပြည်သူများ၊ စျေးဆိုင်များဖြင့် စည်းကားလျက်ရှိကြောင်း သတင်းရသည်။

ကျော်ကျော်လတ်