မြိတ် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ဘုရားငါးဆူကွင်းတွင် ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ အစဉ်အလာမပြတ် ကျင်းပလျက်ရှိသော (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်သည် ပွဲတော်ရက်များအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
မြိတ်မြို့တွင် ရာသီအလိုက် အထင်ကရပွဲတော်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ပူဇော်ပွဲတော်တွင် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို စတီးရွှေရောင် သံဖရိန်စံကျောင်းအဆောင်များဖြင့် ခမ်းနားထည်ဝါစွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မြိတ်မြို့၏ တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပသည့် ဗုဒ္ဓပူဇာသဘင်ဖြစ်ကာ ပွဲတော်ရက်များအတွင်း စတုဒိတာကျွေးမွေးခြင်း၊ ဇာတ်သဘင်နှင့် ပျော်ပွဲရွင်ပွဲများဖြင့် နိုဝင်ဘာလ (၁၀)ရက်မှ (၁၅)ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း (၁၀)ရက်မှ လပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားငါးဆူကွင်း၌ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပလျက်ရှိကာ တန်ဆောင်မုန်းလပြည့်နေ့ညနေတွင် ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်မှ မြို့တွင်း လှည့်လည်ပူဇော်ပွဲကို ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်ကာ ဘုရားပွင့်စဉ်များအလိုက် ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ကာ ရပ်ကွက်အသီးသီးသို့ သတ်မှတ်လမ်း ကြောင်းအတိုင်း လှည့်လည်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက်)