မင်းဘူး နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်းဘူးမြို့၊ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိကအမှူးပြု၍ ပင့်သံဃာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များနှင့် ကထိန်အနုမောဒနာတရားတော်များ နာယူကြည်ညိုကြသည်။ ဆက်လက်ပြီး မင်းဘူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများနှင့် ကထိန်ခံကျောင်းများအား ကထိန်လျာညှပ်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို စုတောင်း၍ ရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာ အခမ်းအနားတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကထိန်မရရှိ သေးသည့် မြို့နယ်အတွင်းမှ ကျောင်းတိုက် (၄)ကျောင်းအတွက် မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင် အလှူရှင်များမှ စုဖွဲ့လှူဒါန်းသော ပဒေသာပင်ပေါင်း (၄၀)အား သတ္တမအကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအဖြစ် ခွဲဝေလှူဒါန်းပေးခဲ့ပြီး ပစ္စည်းနှင့် အလှူတော်ငွေ စုစုပေါင်း လှူဒါန်းမှုတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၈၀ ကျော်ကို ရေစက်ချ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)