ကသာမြို့တွင် (၃၁) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ကသာ နိုင်ဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၁)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကသာမြို့၊ ပြည်သာယာကျေးရွာအုပ်စု မူလတောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကသာမြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ ကြွရောက်ချီး မြှင့်တော်မူကြပြီး ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များအား ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက "နမောတဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူခဲ့ကြသည်။ ဆက်လက်၍ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက သာသနာတော်ဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ်ထံမှ ကထိန်လျာသင်္ကန်းလှူဒါန်းမှုနှင့် ပတ်သက်၍ ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးတရားများကို နာယူကြပြီး ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ကထိန်ခံမူလတောရကျောင်းဆရာတော်ထံသို့ ကထိန်လျာဥတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ထိုသို့ လှူဒါန်းမှုအစုစုတို့အတွက် တက်ရောက်လာကြသော ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ကသာမြို့ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပါင်းစုံ စုပေါင်းမဟာဘုံကထိန် ပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း ငွေကျပ်(၁၅၇)သိန်းကျော်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းနှင့် အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ကျင်းပပြီးစီးမှုအတွက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များက ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)