ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေး

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေတောကျေးရွာအုပ်စု၊ ပေါက်ကုန်းရွာသစ်ကျေးရွာတွင် တတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ အကြောင်းအရာများ ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါလိုက်နာရမည့် တာဝန်နှင့်ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျေးရွာသူ၊ ကျေးရွာသားများထားရှိရမည့် စိတ်ဓာတ်နှင့် တာဝန်ယူမှုတာဝန်ခံမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပေါက်ကုန်းရွာသစ်ကျေးရွာရှိ မြေပဲနှင့် နေကြာသီးနှံအပါအဝင် အခြားဆီထွက်သီးနှံများ စိုက်ပျိုးသော အသင်းသား၊ အသင်းသူ(၁၁၇)ဦးကို တတိယအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေကျပ် ၂၁ ဒသမ ၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )