အထက်မင်းလှ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဥယျာဉ်ကျေးရွာ ရှင်ဘုရင်သာမဏိစေတီဓမ္မာရုံတွင် သရက်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မြစ်ရေတင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံပြီးကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ ပြုလုပ်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့သည်။
ဆက်လက်၍ ရေနံဓာတုဗေဒစက်ရုံ(မန်းသံပုရာကန်)သို့ရောက်ရှိပြီး ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညောင်ပင်သာကျေးရွာရှိ တောင်သူဦးကျော်ငြိမ်း၏ ယာမြေတွင် စိုက်ပျိုးထားသည့် ဆောင်းမြေပဲစိုက်ခင်းအားကြည့်ရှုစစ်ဆေးခဲ့ရာ ဆောင်းမြေပဲစိုက်ပျိုးမှုအခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးသိန်းက ရှင်းလင်းတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)