ရွှေဘိုမြို့ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရွှေဘို နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉း၀၀ နာရီက ရွှေဘိုခရိုင် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ကလေးများအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ထားရှိစေရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်‌ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြိုင်ပွဲများကျင်းပရာ မောင်မြတ်ထက်နိုင်က "ယုံကြည်ထိုက်သူ" ကဗျာဖြင့်လည်းကောင်း၊ မောင်ကောင်းထွဋ်စံက "ကျေးဇူးကြီးသူများ" ကဗျာဖြင့်လည်းကောင်း၊ မခင်ပြည့်စုံမိုးက "အများအကျိုး ကိုယ့်အကျိုး" ကဗျာဖြင့်လည်းကောင်း၊ ‌မောင်အောင်ကောင်းမြတ်မိုးက "မိတ်ဆွေ ကောင်းနှင့်မိတ်ဆွေတု" ပုံပြင်ဖြင့်လည်းကောင်း၊ မောင်အံ့မင်းခန့်က "အိုးကလေးနှစ်လုံး" ပုံပြင်ဖြင့် လည်းကောင်း၊ မသြမြတ်သိင်္ဂီက "မိကျောင်းအိုနှင့်မျောက်ကလေး" ပုံပြင်ဖြင့်လည်းကောင်း၊ မမြတ်နိုးရတီထွန်းက "ဆရာ့ကျေးဇူးကန်းသောသူ" ပုံပြင်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေး‌ရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး ကာယပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်