ခန္တီး နိုဝင်ဘာ ၁၃ ရက်
လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာပေဖတ်ရှုခြင်းဖြင့် မိမိတို့ဘဝတိုးတက်လှပစေရန် ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာပြီး နိုင်ငံတော်၏ပုခုံးပြောင်းတာဝန်ထမ်းဆောင်လာမည့် သားကောင်းသမီးကောင်းရတနာလေးများဖြစ်လာစေရန် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် မျိုးဆက်သစ်လူငယ်လေးများဖြစ်ထွန်းလာစေရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(နားမေတ္တာ)တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ယင်းအခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်လှလှမြင့်က အမှာစကားပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးအရာရှိဒေါ်သန်းထိုက်အောင်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ကာ Grade-12 မှ မောင်အွမ်းရှယ်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်နိုင်လင်းအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မမျိုးသန္တာကျော်က လူငယ်နှင့်သုတစာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မခင်ခင်ချစ်က လူငယ်နှင့်ရသစာပေခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ပြီးလိုအပ်သည်များကို ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းဖြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်(၃၀)အုပ်အား လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပါသည်။ ထို့နောက် သုတ/ရသစာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်ဓာတ်ပုံများ၊ အဆိုအမိန့်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အေးခိုင်(ပြန်/ဆက်)