မြိတ်မြို့ အ.ထ.က(၂)တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မြိတ် နိုဝင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များ အသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာပေနှင့်ရင်းနှီးပြီး ဖတ်ရှုလေ့လာနိုင်စေရန်အတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာနှင့် တာဝန်ခံခရိုင်ပညာရေးမှူး ဒေါ်သီတာစိုး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက်ကျောင်းခန်းမတွင်ကျောင်းသား/သူများ၏  တိုင်းရင်းသားရိုးရာ အကအလှများ၊ အနုပညာဖျော်ဖြေရေး အစီအစဉ်များကို တက်ရောက်လာကြသူများကကြည့်ရှုအားပေးခဲ့ကြသည်။

ပွဲတော်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတရသစာအုပ်ပြပွဲ၊ စာပေအဆိုအမိန့်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ အခြေခံပညာ ကျောင်းများမှ ပြသထားသည့် အသိပညာပေးပြခန်းများကို တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့အတူ ကျောင်းဝင်းအတွင်း ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျောင်းသား/သူ(၂၀၀၀)ကျော် ပါဝင်နွဲပျော်ခဲ့ကြ၍ ကျောင်းသား/သူများအား စာရေးဆရာ(၂)ဦးမှ စာပေဟောပြောခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )