ကန့်ဘလူ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ထာဝရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက် Video Clip အား ပြသခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင် လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းအောင်က စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် အလွန်အကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဥ်မှစ၍ စာဖတ်သည့် အလေ့အထကိုပျိုးထောင်ပေးရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး သုတရသပညာရပ်စုံကိုဖတ်ရှုကြရန်နှင့် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများက ထိန်းသိမ်းစို့လေစာပေအမွေသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စာပေဟောပြောပွဲဆောင်ရွက်နေမှု၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်၊ ကျောင်းစာကြည့်တိုက်တွင် ဆေးရောင်ချယ်ပြိုင်ပွဲနှင့်ဘောလုံးဂိုးသွင်းကစားခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)